မြန်မာပြည်ငြိမ်းချမ်းခရီး နီးနေပြီးလော
16.9.2015
စက်တင်ဘာ ၉ ရက်နေ့ နေပြည်တော်ရှိ Myanmar International Convention Center -2 တွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် သမ္မတဦးသိန်းစိန်၏ ဆွေးနွေးပွဲ တွင် NCA ခေါ် တနိင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်ကို ယခုလ ၂၉ ရက်နေ့တွင် လက်မှတ်ထိုးရန် သမ္မတကမ်းလှမ်းထားသော်လည်း တိုင်းရင်းသားခေါင်းဆောင်များ က အောက်တိုဘာလ အလယ်တွင် ပြန်လည် အဆိုပြုထားပါသည်။
နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ကိုယ် စားလှယ်အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ကချင် ပြည်လွတ်လပ်ရေးအဖွဲ့(KIO)ဒု-ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နာယက ဗိုလ်ချုပ်ကြီးဆေထင်၊ မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌနိုင်ထောမွန်၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)ဥက္ကဋ္ဌခွန်းအေဘယ်တွိဒ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏အဆင့် မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD) အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်၊ ဒေါက်တာ လဂျာ၊ ပူးဇင်ကျုံးနဲ့ အန်စီစီတီအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းတို့ ပါဝင်ပါသည်။
စက်တင်ဘာ(၁၄)ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ ဒုက္ကဌဝန်ကြီးဦး အောင်မင်းက အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အောက်တိုဘာပထမအပါတ်တွင် လက်မှတ်ထိုးမည်ဟု တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်တွေဆုံပွဲတွင် ပြောဆိုသွားသည်၊သို့သော် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း မည်မျှလက်မှတ်ထိုးမည်ကို သဲသဲကွဲကွဲ မသိသေးသော်လည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၉ ဖွဲနှင့် လက်မှတ်ထိုးမည်ဟု ဦးအောင်မင်းက ဆိုသည်။
အာလုံးပါဝင်ရေးလော ခွဲခြားရေးလောသို့ဖြင့် တိုင်းရင်းသားများ အဆိုပြုထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင် လက်မှတ်ထိုးရေးသည် ဖြစ်နိုင်သည့် အနေအထား နည်းလာသည်ကို တွေ့ရပေသည်။ သမတနှင့်တွေ့ ဆုံပွဲတွင် သမ္မတက အားလုံးပါဝင်ရေးအပေါ် မူအရ လက်ခံသော်လည်း အစိုးရက ၎င်းတို့အသိအမှတ် ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နဲ့သာ လက်မှတ်စထိုးပြီး ကျန်တဲ့အဖွဲ့တွေနဲ့ ဆက်ပြီး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာ MPC က နိုင်ငံရေးအကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ဆိုသည်။
၎င်းအပြင် NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးမည်မဟုတ်ဟု UWSP ခေါ် 'ဝ' ပြည်သွေး စည်းညီညွတ်ရေးပါတီက စက်တင်ဘာ ၈ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သလို ကချင်အဖွဲ့ KIO ကလည်း အောက်တိုဘာလတွင် လက်မှတ်ထိုးရန် အဆင်အသင့်မဖြစ်းသေးသည်ဟု ပြောဆိုထားသည့် အတွက် ယခုလက်မှတ်ရေးထိုးပွဲတွင် ကချင်အနေဖြင့် ပါဝင်ရန်မသေချာသေးပေ။
အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းအားလုံး ပါဝင်လက်မှတ်ထိုးမှသာ တနိုင်ငံလုံး အကျုံးဝင်သည့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် ခေါ်ဆိုနိုင်ပေမည်။ သို့မှသာ တနိုင်ငံလုံး သေနတ်သံတိတ်ပြီး ငြိမ်းချမ်းရေးအလင်းရောင် ပေါ်လာနိုင်မည်ြဖစ်သည်။ အစိုးရ အဆိုပြုသည့် ၁၅ အဖွဲ့နှင့်စတင်လက်မှတ်ထိုးပြီး ကျန်အဖွဲ့ကို နောက်မှ ဆက်လက်ဆွေးနွေးသည့် ပုံစံသည် ပြည်တွင်း စစ်မီးပွား ဆက်လက်ကျန်ရှိမည်သည်ကို အများက စိုးရိမ်နေကြသည်။ လက်ရှိအနေအထားအရ အစိုးရက ဖြစ်နိုင်သည့်အဖွဲ့နှင့် လက်မှတ်ထိုးပြီး ကျန်သည့်အဖွဲ့အပေါ် မည်သို့ သဘောထားမည်ကို ရှင်းရှင်းလင်းလင်း မရှိသဖြင့် ၎င်းအဖွဲ့အပေါ် အစိုးရက စစ်ရေးအရ ပိုမိုတိုက်ခိုက်သွားမည်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စိုးရိမ်နေကြသည်။
အစိုးရသည် တနိုင်ငံလုံးအပစ်ရပ်စာချုပ် ချုပ်ဆိုရေးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၏ တပ် ပေါင်းစုအနေနဲ့ မဖိတ်ခေါ်ဘဲ စာချုပ်ကို တဖွဲ့ချင်းစီ တာဝန်ခံရမည်ဟု အကြောင်းပြချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲချင်းစီ ဖိတ်ခေါ်ခဲ့သည်။ ဤသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၏ တပ်ပေါင်းစုကို အသိအမှတ်မပြုရာရောက်သည့်အပြင် ၎င်းတို့၏ စုစည်းမှုကို ပြိုခွဲရာ ရောက်ပေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အပစ်ခတ်ရပ်စဲရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးတွင် တပ်ပေါင်းစုဖြင့် အစိုးရနှင့်ဆွေးနွေးနေချိန်တွင် အစိုးရအနေဖြင့် ၎င်းတို့အပေါ် တပ်ပေါင်းစု အနေနဲ့သာ ဆက်ဆံသင့်ပေသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုနှင့် အပစ်ရပ် စာချုပ် ဆွေးနွေးနေချိန်တွင် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် သီခြား တွေ့ ဆုံ ဆွေးနွေးနေမှုများသည် အစိုးရနှင့် တိုင်းရင်းသားများအကြား ယုံကြည်မှု တည်ဆောက်ရေးတွင် များစွာ ထိခိုက်စေပါသည်။ အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်တည်ဆောက်လိုပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အပေါ် ကျင့်သုံးနေသည့် ခွဲခြားပေါ်လစီကို အဆုံးသတ် သင့်ပေသည်။ အစိုးရ၏ ခွဲခြား အုပ်ချုပ်ရေးပေါ်လစီသည် ပြည်တွင်း ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ပါ။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များက ယခုလ ၂၄-၂၆ ရက်နေ့တွင် အစည်းအဝေးထိုင်ဆုံးဖြတ်ကြမည်ဖြစ်ပြီး အားလုံးပါဝင်ရေးဖြစ်သည့် တပ်ပေါင်းစု၏မူအတိုင်း ဆက်လက်မရပ်တည်ဘဲ တဖွဲ့ချင်းစီဆုံးဖြတ်ပြီး အစိုးရနှင့်လက်မှတ်ထိုး ပါက တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်စုကြီး ပြိုကွဲသွားနိင်ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အမှန်ဆိုက အပစ်အခတ်ရပ်စဲရေး သည် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး၏ပထမခြေလှမ်းသာ ဖြစ်သည်။ အကယ်၍ အစိုးရသည် တိုင်းရင်းသားအားလုံးနှင့်တနိင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ပါက မြန်မာနိုင်ငံ၏ အနှစ်(၆၀)ကျော် ပြည်တွင်းစစ်မီးငြိမ်းသွားပြီး ငြိမ်းချမ်းရေးအလင်းရောင် ပေါ်လာမည် ဖြစ်သည်။ သို့သော် အပစ်အခတ်ရပ်စဲရေးမှ နိင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတက်လှမ်းပြီး တိုင်းရင်းသားများ၏ တန်းတူရေးအခွင့်အရေးပြဿနာကို ဖြေရှင်းနိုင်မှသာ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။
သို့ဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေးကော်မတီ (UPWC)နှင့် တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာညှိနှိင်းရေးအဖွဲ(NCCT)တို့ တနှစ်ခွဲအကြာ ဆွေးနွေးညှိနှိင်းပြီး သဘောတူညီမှု ရလာသည့် အခန်း(၇) ပိုဒ်(၃၂)ပိုဒ်ပါ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်သည် ပဋိပက္ခဖြေရှင်းရေး ကို ဦးတည်သည့်စာချုပ်ဖြစ်ရန် လိုအပ်ပေသည်။
ယင်းစာချုပ်တွင် အနာဂတ် တိုင်းပြည်တည်ဆောက်ရေးဆိုင်ရာကိစ္စများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာကိစ္စများ၊ တပ်များနေရာချထားရေး၊ အပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေး၊ နိုင်ငံရေး ဆွေးနွေးရေး၊ လက်နက်ကိုင်တပ်ပြန်လည်ပေါင်းစည်းရေး၊ ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေးနှင့် ဒုက္ခသည်များ ပြန် လည်နေရာ ချထားရေးတို့ ပါဝင်ပေသည်။
သို့သော် စာချုပ်ကို သေချာစွာလေ့လာပါက အခန်း ၁ အပိုဒ် ၁(က)တွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓါတ်နှင့်အညီ ဒီမိုကရေစီအရေး၊အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များအပြည်အ၀ရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်နှင့်အညီ တည်ဆောက်သွားရန်ပါရှိပါသည်။ သို့ဖြင့် အပစ်အခတ်ရပ်စဲပြီး နိင်ငံရေးဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်အပေါ်တွင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရမည် ဖြစ်၍ နိုင်ငံရေးသဘောတူညီချက် သေသေချာချာမရှိပေ။
တဖန် စာချုပ်ပါအခန်း ၅ အပိုဒ် ၂၀ နိုင်ငံရေးလမ်းပြမြေပုံတွင် ၇ ချက်တွင်
၁။ အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးခြင်း၊
၂။ နိင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် Political framework ရေးဆွဲသဘောတူညီမှု ရယူခြင်း၊
၃။ ထိုမူဘောင်အပေါ် အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်း ခြင်းဆိုင်ရာကိစ္စများဆွေးနွေးခြင်းနှင့်နှစ်ဖက်ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း၊
၎။ ပြည်ထောင်စုညီလာခံကျင်းပခြင်း၊
၅။ ပြည်ထောင်စုသဘောတူစာချုပ် Union Accord ချုပ်ဆိုခြင်း၊
၆။ ပြည်ထောင်စုလွတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်း၊
၇။ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းများအပါအ၀င် ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်များးကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
ပုဒ်မ ၂၂ ဃ တွင် ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအ၀င် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူသည်ဟု ပါရှိသည်။
သို့ဖြင့် စာချုပ်ပါလမ်းးပြမြေပုံအတိုင်း ပြည်ထောင်စုသဘောတူစာချုပ်ကို ပြည်ထောင်စုလွတ်တော်က အတည်မပြုပေးပါက အနစ်ရှည်လကြာ ကြိုးစားထားသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည် ထောင်စုတည်ဆောက်ရေးလုပ်ငန်းများသည် သဲထဲရေသွန်သလို အချည်းအနှီးဖြစ် သွားမည့်သဘော ဖြစ်နေပေသည်။ ပြည်ထောင်စုညီလာခံ ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖြည့်စွက်ရေးနှင်ပယ်ဖျက်ရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် ဆိုသည်မှာလည်း မရှင်းပေ။ အစိုးရပြောနေသည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ထုံ လုပ်နည်းအတိုင်းအဆိုက ၂၀၀၈-အခြေခံဥပဒေကို ပြင်ဆင်နိုင်မည် မဟုတ်သည့်အတွက် တိုင်းရင်းသားတို့တောင်းဆိုနေသည့် တန်းတူးအခွင့်အရေးကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည်မဟုတ်ပေ။
သို့ဖြင့် အပစ်ရပ်စာချုပ်သည် “စာချုပ်ရဲ့အင်္ဂါရပ်နဲ့ မညီတော့ဘူး။ မရေရာတော့ဘူး၊ မတိကျတော့ဘူး။ ပြဿနာပေါ်နိုင်တဲ့ စာချုပ်ဖြစ်တယ်”ဟု ကချင်ပြည်နယ် မိုင်ဂျာယန်မြို့အခြေပြု ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၏ ကျောင်းအုပ်ကြီး၊ ရှေ့နေဦးအောင်ထူးက ဇွန်လ ဒီဗွီဘီနှင့်အမေးအဖြေခန်းတွင် ပြောဆို သွားသည်။ ၎င်းအပြင် ဆွီဒင်နိုင်ငံသား စာရေးဆရာနှင့် စာနယ်ဇင်းသမားတဦး ဖြစ်သည့် ဘာတေးလ် လင့်တနာ (Bertil Lintner)ကလည်း “အခုဆွေးနွေးရေးသည် ဒီစကားလုံး သုံးတာ မှားပါတယ်။ သူတို့ က ငြိမ်းချမ်းရေးဆွေးနွေးနေတာ မဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးနေကြတာပါ။ ပုံမှန်အားဖြင့် အပစ်အခတ်ရပ်စဲရေး ဆိုတာ ကြေညာလိုက်လို့ ရပါတယ်။ သူတို့တွေ တဘက်နဲ့တဘက် ပစ်ခတ်နေတာကို ရပ်လိုက်မယ်၊ သူတို့ ထိုင်မယ်၊ ဆွေးနွေးမယ်။ အားလုံးသဘောတူညီမှု ရရင် နိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်တဲ့ သဘောတူညီချက်တခုကို လက်မှတ်ထိုးကြမယ်။ ဒီမှာကတော့ သူတို့က မြင်းမရှိသေးဘဲနဲ့လှည်းကို အရင်ပြင် နေကြတယ်။ နိုင်ငံရေးကိစ္စတခုမှ မဆွေးနွေးရသေးဘဲနဲ့ သူတို့က သဘောတူညီချက် အတွက် ပြောချင်ကြတယ်။ ဒါက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး”ဟု စက်တင်ဘာ ၃ ရက် ဧရာဝတီသတင်းဌာနနှင့် အမေးအဖြေတွင် စာချုပ်အပေါ် မရှင်းလင်းချက်များကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါသည်။
အရေးကြီးဆုံးမှာ အပစ်အရပ်စာချုပ်၏နိုင်ငံရေးလမ်းပြမြေပုံနှင့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးတွင် မည်သို့ ဆက်စပ်ထားသည်ကို ရှင်းရှင်းလင်းလင်း မရှိုခြင်း ဖြစ်သည်၊ပြည်ထောင်စုညီလာခံမှ ပြည်ထောင်စုသဘောတူညီချက်ကို လွတ်တော်သို့တင်သွင်းပြီး လွတ်တော်၏အတည်ပြုချက်ဖြင့်သာ အခြေခံဥပဒေပြင်ဆင်ချက်အပါအ၀င် အခြားဥပဒေများဖြည့်စွက်ခြင်း၊ ပယ်ပျက်ခြင်းတို့ လုပ်နိင်သည်ဟုသာ ဖောပြထားသည်။
လုပ်ထုံးလုပ်နည်းအရ လွတ်တော်၌အတည်ပြုချက်ရယူသည်မှန်သော်လည်း မည်သို့ အတည်ပြုချက် ရယူမည်ကို ရှင်းရှင်းလင်းမရှိပေ။ စစ်တပ်ကိုယ်စားလှယ် ၂၅ရာခိုင်နန်းရှိသည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလွတ်တော်တွင် ပြည်ထောင်စုစာချုပ်ကို စစ်တပ်ကိုယ်စားများလက်မခံပါက မည်သို့ဖြစ် လာနိုင်မည်နည်း။ ယခုလက်ရှိအနေအထားတွင် စစ်တပ်သည် ဖွဲ့စည်းပုံကို မည်သို့မျှ ပြင်ဆင်လိုစိတ် မရှိပေ။ တဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း ၂၀၀၈ အခြေခံ ဥပဒေကို မည်သို့မျှ လက်မခံနိုင်ဆိုဟု ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်သည်။
သို့ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီအပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးသည် ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်အုပ်ချုပ်ပုံကို မည်သို့ ပြင်ဆင်နိုင်သည့်အပေါ်တွင်သာ မူတည် နေပေလိမ့်မည်။ ၂၀၀၈ အခြေခံဥပဒေအောက်တွင် တိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ကြမ္မာ ကိုယ်ဖန်းတီးခွင့်ကို အကောင်အထည်ပေးနိုင်မည် မဟုတ်သလို ပြည်တွင်းငြိမ်းချမ်းရေး ကိုလည်း မတည်ဆောက်နိုင်ပေ။ သို့ဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်သော်လည်း ပြည်တွင်း ငြိမ်းချမ်းရေးခရီး ရှည်ကြီးကား အဝေးကြီးလျှောက်လှမ်းနေရအုံးမည်မလွဲပေ။
ဆောင်းပါးရှင်-ဗညားလတိုပ်
BNI
0 comments:
Post a Comment