1.9.2015
ရှမ်းပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးခွန်သိန်းမောင်မှလွဲ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးရှစ်ဦးတို့မှာ ၂၀၁၅ ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရန်ရွေးကောက် ပွဲကော်မရှင်သို့ အမည်တင်သွင်း ထားသည်။
ရွေးကောက်ပွဲဝင်မည့် ၀န်ကြီးချုပ်အပါအ၀င် ၉ ဦးအနက် ၆ ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြုကြမည်ဖြစ်ပြီး တသီးပုဂ္ဂလ ၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ) မှ တစ်ဦး ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုမည့်သူများနှင့် အခြေခံမည့် မဲဆန္ဒနယ်များမှာ ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် (ခ) ဦးအောင်မြတ် ရွာငံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး (ဗိုလ်မှူးကြီး) ဦးအောင်သူ လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့် ရပ်စောက်မြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကွမ်းလုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း မိုင်းပျဉ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) တို့ အသီးသီးဖြစ်သည်။
လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုင်းထွန်းရင်သည် တစ်သီးပုဂ္ဂလအဖြစ် တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း (ခ) ဦးတင်ထွန်းအောင်သည် တစ်သီးပုဂ္ဂလအဖြစ် သီပေါမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ၌ လည်းကောင်း အသီးသီး ပြိုင်ကြမည်။
သစ်တောနှင့်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းသည် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) ၌ ၀င်ပြိုင်မည်ဖြစ်သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီး ၉ ဦး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး (ပြည်နယ် အုပ်ချုပ်ရေးမှူး) နှင့် ရှမ်းပြည်နယ်ဥပဒေချုပ် တို့ဖြင့် ဖွဲ့စည်းထားကြောင်း ကမ္ဘောဇတိုင်းသတင်း ဂျာနယ်နှင့် ဇူလိုင် ၂၀ ရက်နေ့၌ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။
#ကမ္ဘောဇတိုင်း
0 comments:
Post a Comment