ပြည်ခိုင်ဖြိုးပါတီ ရိုက်နှက်ခြိမ်းခြောက်ဟု ကျားဖြူပါတီ တိုင်တန်း



31.10.2015

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်၊ အင်ပါဟုန်ရွာတွင် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) စည်းရုံးရေးမှူးအား မိုင်းဖြတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌက ရိုက်နှက် ခြိမ်းခြောက်ဟုဆိုကာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားသည်ဟု သတင်းရရှိသည်။

အဆိုပါ အင်ပါဟုန်ရွာတွင် လက်ရှိကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ကျားဖြူပါတီ မိုင်းဖြတ်မြို့နယ် စည်းရုံးရေးမှူး ဦးပူပါအိုက် အား မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌက အောက်တိုဘာ လ ၁၉ ရက်နေ့တွင် ပါတီရုံးသို့ဆင့်ခေါ်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီမှ ဦးစိုင်းခမ်းကျန် ကပြောသည်။

“ပြည်နယ်ကော်မရှင်က အကြာင်းပြန်လာတာ ဒါဟာ ကော်မရှင်နဲ့ မဆိုင်ဘူး။ ပါတီနဲ့မဆိုင်ဘူး။ ပုဂ္ဂိုလ်ရေး ဖြစ်တဲ့အတွက် ရဲစခန်းမှာပဲ အမှုဖွင့်ဖို့ ညွှန်ကြားလာတယ်။ ကျနော်တို့ ရဲစခန်းမှာ အမှုဖွင့်ဖို့ လုပ်နေတယ်” ဟု ၄င်းက ရှင်းပြပြောဆိုသည် ။

ယင်းအပြင် မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌက အင်ပါဟုန်ရွာသူ ရွာသားများ လုပ်ကိုင်လျက်ရှိသော လယ်ယာမြေအားလုံး ပြန်လည် သိမ်းဆည်းပြီး မည်သည့်အရာမှ လုပ်ကိုင်ခွင့်ပေးတော့မည် မဟုတ်ကြောင်း၊ ရွာသူ/သားများ ကျားဖြူပါတီသို့ မဲပေးလျှင် လက်ရှိနေထိုင်လျက်ရှိသည့် ရွာထဲမှ နှင်ထုတ်မည်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကဒ်ပြားအားလုံး ပြန်လည် သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြ ထားသည်။

အဆိုပါ တိုင်ကြားစာအား မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တောင်ကြီးမြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ရုံးချုပ်သို့ မိတ္တူပေးပို့ တိုင်ကြားထား ကြောင်း သိရသည်။

MID News
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment