မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်မှု မြင့်တက်

ထိုင်း-မြန်မာနယ်စပ်ဂိတ်ကို မြန်မာနိုင်ငံ မြ၀တီမြို့ဘက်မှ တွေ့ရစဉ်။ (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)    
 
၂၀၁၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန် မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်မှုမှ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ဘတ်ငွေ ၆၀ ဘီလီယံကျော် ရှိခဲ့ပါတယ်။

ဒီပမာဏဟာ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကထက် ကုန်သွယ်မှုပမာဏ ၁၂ ဒသမ ၃ ရာခိုင်နှုန်းထိ မြင့်တက် လာတယ်လို့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့က အကြီးတန်း အကောက်ခွန်အရာရှိချုပ် ကစ်တီဆူ သီဆမ်ဖန် က ပြောပါတယ်။

အခု ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ နှစ်ချုပ်အစီရင်ခံစာအရ မဲဆောက်-မြ၀တီ ကုန်သွယ်မှုဟာ ဘတ်ငွေ ၆၆ ဒသမ ၈ ဘီလီယံရှိပြီး ခုလို တိုးတက်လာတာဟာ လာမယ့် ဒီဇင်ဘာလအတွင်း ဖြစ်လာမယ့် အာဆီယံ စီးပွားရေးအသိုက်အ၀န်းမှာ ပါဝင်နိုင်မယ့် အလားအလာကောင်းတွေ ဖြစ်စေပြီး မဲဆောက်-မြ၀တီ-ကော့ကရိတ် လမ်းပိုင်း ဖွင့်လှစ်ခဲ့မှုကြောင့် လည်း ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာက နယ်စပ်ကုန်သွယ်ရေးမှ နှစ်စဉ် ဘတ်ငွေ ဘီလီယံ ၁၀၀ မှ ၂၀၀ ကြားထိ တိုးတက်လာစေဖို့ မူဝါဒချမှတ်ခဲ့ပြီး မဲဆောက်ဒေသ နယ်စပ်အထူးစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကုန်သွယ်မှုဇုန်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ စက်တင်ဘာ အစောပိုင်းမှာ ကြေညာခဲ့တာပါ။

မဲဆောက်-မြ၀တီ နယ်စပ်ဒေသဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှု အချက်အချာ နေရာတခုဖြစ်ပြီး အရှေ့-အနောက် စီးပွားရေးဆိုင်ရာ စင်္ကြန်လည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံကုန်သွယ်မှု အနေနဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကို မိုဘိုင်းဖုန်း၊ ဘီယာ၊ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတွေ တင်ပို့နေတာဖြစ်ပြီး မြန်မာနိုင်ငံဘက်က ကျွဲနွား၊ ပဲအမျိုးမျိုးနဲ့ တွင်းထွက်ပစ္စည်းတွေ တင်သွင်းနေ တာ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

DVB
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment