ဖုန်ကြားရှင် မြန်မာပြည်ထဲမှာရှိရင် အမြန်ဆုံးဖမ်းဆီးအရေးယူပေးပါ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေဖြစ်အောင် ဖန်တီးခဲ့တဲ့ ဖုန်ကြားရှင်ကို မြန်မာနိုင်ငံထဲက ဘယ်နေရာ မှာပဲဖြစ်ဖြစ် နေထိုင်ခွင့်ပြုထားတယ်ဆိုတဲ့ ဦးအောင်မင်း စကားကို ပြည်သူတွေက စိတ်ဆိုးဒေါသထွက်နေကြပါတယ်။ သမ္မတက ဖမ်းဝရမ်းထုတ်ထားတဲ့ တရားခံပြေးတစ်ယောက် ကို နေထိုင်ခွင့်ပေးတာကတော့ အများပြောစရာဖြစ် နေပါတယ်။ တရုတ်ကတော့ ဖုန်ကြားရှင်နဲ့ သူတို့ ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားတာ ကြောင့် တရုတ်နိုင်ငံထဲမှာ ဖုန်ကြားရှင်မရှိဘူးလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဖုန်ကြားရှင် ဘယ်ရောက်နေ သလဲဆိုတဲ့ အဖြေကလည်း စဉ်းစားစရာဖြစ်လာပါတယ်။ ဖုန်ကြားရှင် တရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျှောက်မှာ ရှိနေတယ် ဆိုတာထက် မိုင်းလားနယ်မြေထဲမှာ ရောက်နေတာဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ NDAA(မိုင်းလား)အဖွဲ့ ဥက္ကဋ္ဌ စိုင်းလင်းဟာ ဖုန်ကြားရှင်ရဲ့ သမက်ဖြစ်နေ တာကြောင့် ပါ။ ပြီးရင် သူ့သမီး ဖုန်းစင်ချွမ်းကလည်း ၀ရမ်းပြေးသက်ကြားအို အာဏာရူးသူ့အဖေ ဖုန်ကြားရှင်ကို ပစ်ထားမှာတော့ မဟုတ်ပါ ဘူး။ မိုင်းလားအဖွဲ့အနေနဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ ဘက်ကနေ ပါဝင်တိုက်ခိုက်ပေးတာမျိုး မရှိပါဘူးလို့ ငြင်းဆို နေပေမယ့် ဖုန်ကြားရှင်ကို လက်ခံထားတဲ့ အထောက်အထားတွေက ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။
ဖုန်ကြားရှင်ဟာ သူ့သမက် NDAA(မိုင်းလား)ခေါင်းဆောင် စိုင်းလင်း(ခ)လီမင်ရှုရဲ့ နယ်မြေဖြစ်တဲ့ မိုင်းလားဒေသမှာသာ နေထိုင်တယ်ဆိုပြီး အဲဒီဒေသခံတွေနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းစာဆရာ ဘာတေးလ်လင့်တနာက အတည်ပြုပြောကြားခဲ့ တာဖြစ်ပါတယ်။ သူက “ ချင်းမိုင်(ထိုင်းနိုင်ငံရှိ နယ်စပ်မြို့)မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ငါလူတချို့နဲ့ တွေ့ခဲ့တယ်။ သူတို့က ဖုန်ကြားရှင်ကို ကောင်းကောင်း သိတယ်။ ကိုးကန့်တိုက်ပွဲအတွက် ရုံးချုပ်က မိုင်းလားပဲလို့ ပြောတယ် ” လို့ ပြောကြား သွားခဲ့တာဖြစ်ပါ တယ်။ ဒါဟာ မိုင်းလားမှာ ဖုန်ကြားရှင်ရှိကြောင်း ပြောတဲ့အထောက်အထားဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာနယ်စပ်တစ်လျှောက် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး လက်ရှိအချိန်မှာ နိုင် ငံရေးဆောင်း ပါးတွေ ရေးနေတဲ့ ဆောင်းပါးရှင် အေးမောင်ကျော် က “ စိုင်းလင်းကတော့ ၀ိနည်းလွတ်အောင် မရှိဘူးလို့ပဲ ပြောမှာပေါ့၊ ဖုန်ကြားရှင်ဟာ လူသူအရောက်အပေါက်နည်းတဲ့ အစွန်အဖျားက မိုင်းယောင်းကွင်း အထက်ပိုင်းမှာ နေတယ် ” လို့ DVB သတင်းဌာနနဲ့ မေးမြန်းခန်း မှာ ဖြေကြားသွားတာရှိပါတယ်။
ဒါဆိုရင် မိုင်းလားနယ်မြေထဲမှာ ဖုန်ကြားရှင် ရှိနေပြီဆိုတာ သေချာသလောက်ရှိနေပါတယ်။ ဒါပေမယ့် စိုင်းလင်း ကိုယ်တိုင် မရှိပါဘူးလို့ ငြင်းနေတော့ လက်ပူးလက်ကြပ်မပြနိုင်သရွေ့ ဖုံးကွယ်ထားဦးမှာပါပဲ။ ၂၀၀၉ ခုနှစ် နောက်ပိုင်း ၀ရမ်းပြေးဘ၀နဲ့ ဖုန်ကြားရှင်ကို သူ့သမက် လက်ခံထားမယ်ဆိုတာ အားလုံးယုံကြည်ထားတဲ့ကိစ္စ ဖြစ်ပါတယ်။
မိုင်းလားအဖွဲ့ကတော့ ကိုးကန့်တိုက်ပွဲမှာ ၎င်းတို့ ပါဝင်ပတ်သက်မှု မရှိကြောင်းနဲ့ နိုင်ငံတော်မှ ခွဲမထွက်ရေး၊ ပြည်ထောင်စုမပြိုကွဲရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထိခိုက်မခံတဲ့ ရပ်တည်ချက်ကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ သမ္မတထံကို စာရေးပို့ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် NCA မှာ မိုင်းလားအဖွဲ့ လက်မှတ်မထိုးတာ ကတော့ သံသယဖြစ်စရာကောင်းနေပါတယ်။ အခု MNDAA နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေ တရုတ်-မြန်မာနယ်စပ်အနီး မှာ ပြန်လည်ဖြစ်ပွားလာတာ တွေ့ရပါ တယ်။ သေချာတာကတော့ ဖုန်ကြားရှင်ဟာ ဘယ်တော့မှ နောင်တမရဘဲ ဆက်ပြီး မိုက်တွင်းနက်နေ ဦးမယ် ဆိုတာပါပဲ။ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ “ ၀ ” နယ်မြေ ပန်ဆန်းမှာ လုပ်မယ့် ထိပ်သီးအစည်းအဝေးမှာလည်း MNDAA ကို တက်ဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ ဖုန်ကြားရှင်ကို အသက်ရှင်ခွင့်ပေးထားတာကိုက မဟာအမှားပါ။ ဒီတော့ ဖုန်ကြားရှင် မိုင်းလားနယ်မြေထဲမှာ တကယ်ရှိနေတယ်ဆိုရင် အမြန်ဆုံးဖမ်းပြီး ထိရောက်ပြင်းထန်းတဲ့ ပြစ်ဒဏ်ချမှတ်သင့်တယ်လို့ မြင်ပါတယ်။ မူးယစ်ရာဇာ တရားခံပြေး တစ်ယောက်အသက်ရှင်နေသရွှေ့ မြန်မာပြည်အတွက် တစ်နေ့မဟုတ် တစ်နေ့ ပြန်ပြီး ဒုက္ခပေးနေဦးမှာပဲလို့သာ ပြောလိုက်ချင်ပါတယ်။
ဝင်းဇော်သိန်း
0 comments:
Post a Comment