ဂုဏ်သိက္ခာ ထိခိုက်စေသည့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ဟောပြောချက်များနှင့် ပတ်သက်၍ ရွေးကောက်ပွဲပြီးလျှင် ဆက်လက်ဆောင် ရွက်မည်ဟုဆို




28.9.2015

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ဟောပြောပွဲတွင် ဟောပြောချက်များသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် သုံးရက်အတွင်း တောင်းပန်ဖြေရှင်းရန် တောင်းဆိုထားသည့် ရက်ပြည့်မြောက်ခဲ့သော်လည်း ရွေးကောက်ပွဲပြီးမှ သာယင်းကိစ္စကို
 ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုင်ပေါက်က စက်တင်ဘာ ၂၈
 ရက်တွင် The Ladies သို့ပြောသည် ။

“သုံးရက်ပြည့်သွားပေမယ့် သူ့ကို ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်အထိ စိတ်ရှည်သည်းခံပြီးတော့ စောင့်ပါမယ် ။ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အထိ မတောင်းပန်ဘူးဆိုရင်တော့ တစ်မျိုးဖြစ်သွားမှာပေါ့ ။ လာပြီးတော့ မတောင်းပန်ရင်တော့ ရွေးကောက်ပွဲပြီးတဲ့အခါ တစ်မျိုးစဉ်းစားမှာပါ” ဟု ဦးစိုင်းအိုင်ပေါက်က The Ladies သို့ပြောသည် ။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် ပင်လုံမြို့ ၊ မွေတော်ကျောင်း၌ ကျင်းပခဲ့သည့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ လူထုဟောပြောပွဲ၌ ဦးလှဖေ (ခေါ်) ဦးစိုင်းဖ၏ ဟောပြောချက်များသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်သိက္ခာအား ထိပါးစော်ကားသည့် စကားလုံး အသုံးအနှုန်းများ ပါခဲ့ခြင်းအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ စက်တင်ဘာ ၁၉ ရက် ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ လိပ်မူပြီး ဦးလှဖေခေါ် ဦးစိုင်းဖအား လိုသလို အရေးယူပေးရန် တိုင်တန်းစာတစ်စောင် ပေးပို့ခဲ့ပြီး ယင်းကိစ္စကို သုံးရက်အတွင်း တောင်းပန်ဖြေရှင်းပေးခြင်း မပြုလျှင် အမှုဖွင့် တရားစွဲဆိုသွားမည်ဟု SNDP က ပြောကြားထားခဲ့သော်လည်း ရွေးကောက်ပွဲပြီးမှသာ ယင်းကိစ္စကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည် ။

ဦးစိုင်းဖသည် ရှမ်းလူမျိုးများရှိသည့် ပြည်ထောင်စုအနှံ့လှည့်လည်ကာ ရှမ်းစာပေပြန့်ပွားရေးအတွက် စေတနာ့ဝန်ထမ်းအဖြစ် တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၊ ကျားခေါင်းပါတီ တည်ထောင်စဉ်က ကျားခေါင်းပါတီအတွက် ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်မဲ ၁ မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည် ။

“သူက ကျားခေါင်းတံဆိပ်ကြီးနဲ့စကားပြောနေတာ ကျားခေါင်း မဟုတ်ဘူးလို့ပြောလို့ဘယ်ရမလဲ ။ ရွေးကောက်ပွဲ ဥပဒေအရက တစ်ဦးနဲ့တစ်ဦး ပုတ်ခတ်လို့မရဘူး ။ တစ်ပါတီနဲ့ တစ်ပါတီ ပုတ်ခတ်လို့မရဘူး ။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးလည်း ပုတ်ခတ်လို့ မရဘူး ။ ဘာသာရေးအနေနဲ့လည်း ပြောဆိုလို့မရဘူး ဆိုတာ ဥပဒေထဲမှာ ပြဋ္ဌာန်းထားပြီးသားပဲ ။ အခုကတော့ စိတ်ရှည်သည်းခံပြီးတော့မှ တစ်မျိုး စဉ်းစားမယ်” ဟု ဦးစိုင်းအိုင်ပေါက်က ပြောသည် ။

ဦးလှဖေ ခေါ် ဦးစိုင်းဖ၏ ဟောပြောချက်များမှာ “ ကျားဖြူပါတီက အစိုးရအဖွဲ့အသီးသီး ၊ လွှတ်တော်အသီးသီးတွင် နေရရာပြီး အစိုးရအဖွဲ့ဝင်များ ဖြစ်လာကြောင်း ၊ သယံဇာတများ ဖြစ်ကြသည့် သတ္တုတူးရန် ၊ သစ်တောသစ်ပင် ခုတ်ရန် ၊ ထင်းမီးသွေး လုပ်ရန်အတွက် ခွင့်ပြုထားသော ကုမ္ပဏီစာရင်း များပြားစွာ ယခုစာရွက်ကဲ့သို့ စာရင်းပါအတိုင်း ရှိကြောင်း ” စသဖြင့် စွပ်စွဲပြောဆိုထားသည်ဟု ကျားဖြူပါတီက UEC ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်တန်းထားသည့်စာတွင် ဖော်ပြထားသည် ။ ယင်းဟောပြောချက်များကို ဗီဒီယိုရိုက်ကူး၍လည်း မြို့နယ်အသီးသီးသို့ ဖြန့်ချိထားကြောင်း သိရသည် ။

သတင်း-ဇော်မင်းထွန်း
The Ladies News Journal
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment