ကွန်ဟိန်းမြို့နယ်တွင် RCSS/SSA အဖွဲ့မှ ဒေသခံလူငယ်များအား အတင်းအကြပ်လူသစ်စုဆောင်း


25-9-2015
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ်းကျေးရွာအုပ်စု၊ ပန်နင်းကျေးရွာသို့ စက်တင်ဘာ ၂၁ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့မှ ရောက်ရှိလာပြီး မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ ဒေသခံလူငယ် ၅ ဦးအား 
အတင်းအကြပ်လူသစ်အဖြစ်စုဆောင်းသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

“ ကျွန်တော်တို့ တစ်ရွာလုံးမှာ မူးယစ်ဆေးသုံးစွဲတဲ့သူ မရှိပါဘူး၊ ကိုယ့်ဝမ်းစာကိုယ်တောင် အနိုင်နိုင်ရှာဖွေ စားသောက်
နေရတဲ့ဘ၀မှာ ဘယ်လိုလုပ်ပြီး မူးယစ်ဆေးကိုသုံးစွဲနိုင်မှာလဲ၊ မူးယစ်ဆေးဝါးဆိုတာ သူတို့လို ချမ်းသာတဲ့သူတွေသာ သုံးစွဲနိုင်ကြတာပါ၊ သူတို့လိုချင်ရှိရင် ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ နောက်ဆုံးတော့ ဆက်ကြေးကောက်တာနဲ့လူသစ်စုသွားတာပါပဲ” ဟု ရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။

RCSS/SSA အဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ်းကျေးရွာအုပ်စု၊ ပန်နင်းကျေးရွာ အနီးတစ်ဝိုက်နှင့် ကျိုင်းလွန်းကျေးရွာအုပ်စု၊ ၀မ်ဟိုလန်းကျေးရွာ အနီးဝန်းကျင်ကျေးရွာများရှိ လူငယ်များအား ကျေးရွာအုပ်ချုပ် ရေးမှူးများမှတစ်ဆင့် ခေါ်ယူ၍ မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ၊ မရှိ၊ ဆေးသုံးစွဲခြင်းရှိပါက ဆေးဖြတ်ပေးမည်ဟု အကြောင်းပြကာ အတင်းအကြပ်
လူသစ်စုဆောင်းလျက်ရှိကြောင်း သိရှိရပါသည်။

RCSS/SSA အနေဖြင့် ယခင်က မူးယစ်ဆေးဝါးသုံးစွဲထားသည့် ဒေသခံရွာသားများအား ဆေးဖြတ်ပေးမည်ဟု 
အကြောင်းပြကာလူသစ်အဖြစ်အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူများယနေ့အချိန်ထိ ပြန်လည်ရောက်ရှိ
လာခြင်းမရှိသဖြင့် ကျေးရွာများရှိ လူငယ်များသည် ကြောက်လန့်ပြီး အခြားနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်
ရှိကြောင်း ပန်နင်းရွာသားတစ်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။

ခွန်စစ်အောင်
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment