23.9.2015
မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ လက်နက်ကိုင်ဆောင်ရတဲ့ အကြောင်းအရင်းကို အစိုးရအနေနဲ့ သိမှသာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက စက်တင်ဘာ ၂၁ ရက်နေ့က မော်လမြိုင်မြို့ မှာ ကျင်းပတဲ့ ပထမအကြိမ် မြန်မာနိုင်ငံ အရှေ့တောင်ဒေသ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေး ညီလာခံမှာ ပြောကြားခဲ့ပါတယ်။
ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေမှာ
ရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ စုပေါင်းကျင်းပတဲ့ အဲ့ဒီညီလာခံမှာ လက်နက်
ကိုင်ဆောင်တာကြောင့် နိုင်ငံရေးပြဿ နာတွေ ဖြစ်ပေါ်လာတာ မဟုတ်ဘဲ၊
နိုင်ငံရေးပြဿနာ ရှိလာတဲ့ အတွက်သာ တိုင်းရင်းသားလူမျိုးစုတွေ
လက်နက်ကိုင်ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့အားလုံးရဲ့ လိုလားချက်၊ ကျွန်တော်တို့အားလုံးရဲ့ အကျိုးစီးပွားက ဘာလဲ၊ ကျွန်တော်တို့ ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်ချင်တယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဒီမိုကရေစီ ပေါ်ထွန်းစေ ချင်တယ်။ လူ့အခွင့်အရေး တွေလည်း ပြည့်ဝစေချင်တယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ဘဝတွေ လှပစေချင်တာပဲ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးပြီးမှသာ နိုင် ငံရေးဆွေးနွေး မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်တာကြောင့် NCA စာချုပ်မှာ တိုင်းရင်းသားအားလုံး ပါဝင်ဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးမှသာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခြင်းဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မယ့် အပြင် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး အခြေခံမူဘောင်လည်း ဖြစ်တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

0 comments:
Post a Comment