စက်တင်ဘာ ၂၇ ရက်က ကမ္ဘာတစ်ဝန်းက နက္ခတ်ဗေဒ ပညာရှင်တွေ၊ ဝါသနာရှင်တွေဟာ စူပါမွန်းနဲ့ လကြတ်မှု
ဖြစ်ရပ်နှစ်ခု တိုက်ဆိုင်တဲ့ အခြေအနေကို စိတ်ဝင်တစားစောင့်ကြည့်ခဲ့ပါတယ်။ ဒီအခြေအနေ နှစ်ရပ်ဟာ တသီးတခြား
စီ ဖြစ်ပေါ်တတ်ပေမယ့်နှစ်ခုပေါင်းစုံပြီး ဖြစ်တည်ခဲ့တာကတော့ ၃၃ နှစ်တာ ကာလအတွင်း ပထမဆုံးပါပဲ။
လကြတ်တဲ့အခါ ကမ္ဘာမြေ လေထုရဲ့ တုံ့ပြန်မှုကြောင့် နေရဲ့ အလင်းတန်းတွေ ဖရိုဖရဲ ကွဲပြားသွားရာကနေ သံချေးရောင်
လို နီမြန်းတဲ့ လမျက်နှာပြင်ကို တွေ့ရလေ့ ရှိပါတယ်။ စူပါမွန်း ဖြစ်စဉ်ကတော့ လဟာ ကမ္ဘာကို ဗဟိုပြု လည်ပတ်ရင်း
ကမ္ဘာနဲ့ အနီးဆုံးကို ရောက်လာတဲ့အခါ အရွယ်အစား ကြီးကြီးမားမား ဝိုင်းဝိုင်းစက်စက် တွေ့မြင်ရတာကို ဆိုလိုတာပါ။
အခုလို တိုက်တိုက်ဆိုင်ဆိုင် ကြုံတောင့်ကြုံခဲ ဖြစ်ရပ်မှာတော့ နီမြန်းတဲ့ လဝန်းဝိုင်းကြီးကို ကမ္ဘာ့နိုင်ငံ အများအပြားကနေ တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။
တချို့သော ဘာသာရေး အယူသီး အဖွဲ့အစည်းတွေက ဒါဟာ ကမ္ဘာကြီးရဲ့ အဆုံးသတ်ကာလ နီးလာပြီဖြစ်ကြောင်း
နိမိတ်ပြတာလို့ ယုံကြည်နေပါတယ်။ သိပ္ပံပညာရှင်တွေကတော့ နက္ခတ်ဗေဒ ပညာရပ်ရဲ့ ဖြစ်စဉ်နှစ်ခု ရှားရှားပါးပါး
တိုက်ဆိုင်ပေါ်ပေါက်လာတာဖြစ်ကြောင်း ရှင်းပြထားသလို ၂၀၃၃ ခုနှစ်မှာ နောက်တစ်ကြိမ် အလားတူ ကြုံရနိုင်
တယ်လို့ ဆိုပါတယ်။
လဟာ ကမ္ဘာနဲ့ အနီးဆုံးထိ ချဉ်းကပ်လာချိန်မှာ မိုင်ပေါင်း ၂၂၆၀၀၀ အကွာအဝေးထိရောက်လာတတ်ပါတယ်။ ဒီအခါမှာ
ကမ္ဘာပေါ်ကနေ လကို တွေ့မြင်ရတာဟာ ၁၄ ရာခိုင်နှုန်း ပိုကြီးသွားပြီး ၃၀ ရာခိုင်နှုန်း ပိုမိုတောက်ပလာတတ်ပါတယ်။
အဲဒီအချိန်မှာ လကြတ်တာနဲ့ ကြုံသွားတဲ့အခါ နီမြန်းတဲ့ လပြည့်ဝန်းကြီး ပေါ်ထွက်လာတော့တာပါပဲ။ဒီလို တိုက်ဆိုင်တဲ့
ဖြစ်စဉ်မျိုး နောက်ဆုံးပေါ်ပေါက်ဖူးတာ ၁၉၈၂ ခုနှစ်ကပါ။
လကြတ်မှုကို မြင်တွေ့ရခြင်းဟာ ကမ္ဘာ့လေထု အခြေအနေ အရပ်ရပ်ကို မူတည်ပြီး တစ်နေရာနဲ့ တစ်နေရာ မတူညီပါ
ဘူး။ တချို့နေရာတွေမှာတော့ လရဲ့ အနားသတ်မှာ အပြာရောင်သန်းတဲ့ စက်ဝန်းတစ်ခု ခိုတွဲနေတာကိုပါ တွေ့မြင်ရ
တတ်ပါတယ်။ စူပါမွန်းနဲ့ လကြတ်မှု တစ်ထပ်တည်း ကျခြင်းဟာ ၁ နာရီနဲ့ ၁၁ မိနစ် ကြာမြင့်ခဲ့ပြီး တောင်နဲ့မြောက် အမေ
ရိက၊ ဥရော၊ အာဖရိက၊ အာရှအနောက်ပိုင်း ဒေသတချို့နဲ့ ပစိဖိတ် အရှေ့ပိုင်းဒေသတွေကနေ ထင်ထင်ရှားရှား တွေ့မြင်
ခဲ့ရပါတယ်။
7Day Daily
0 comments:
Post a Comment