သမ္မတ ညွှန်ကြားချက်ဖြင့် ကိုးကန့်တပ်ဖွဲ့နှင့် ညှိနှိုင်းမည်
11.9.2015
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ် ရေးထိုးရေးအတွက် သမ္မတဦးသိန်းစိန် ညွှန်ကြားချက်ဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ယခု သီတင်းပတ်အတွင်း ညှိနှိုင်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
NCA လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များသည် ယခုလ(၉)ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ NCA ကို အောက်တိုဘာလ ပထမ သီတင်းပတ်တွင် ရေးထိုးသွားမည် ဖြစ်ကြောင်း သဘောတူညီထားသည်။
“သမ္မတကြီးကိုယ်တိုင် ကိုးကန့်တပ်ဖွဲ့နဲ့ တိုက်ရိုက်စာပေးပြီးတော့ ညှိနှိုင်းတာတွေရှိတယ်။ ဒါကို တိုင်းရင်းသားတွေကို ပြောပြတော့ တိုင်းရင်းသား တွေကလည်း စိတ်ပူမှုတွေ လျော့ပါးသွားတယ်။ သမ္မတကြီး ကိုယ်တိုင် ညှိနှိုင်းတယ်ဆိုတော့ ဘယ်အဖွဲ့အစည်းမှ ကြားဝင်စရာ မလိုတော့ဘူးပေါ့။ တွေ့မှာက မိုင်းလား နယ်မြေထဲမှာပဲ တွေ့မှာလေ”ဟု မြန်မာ့ငြိမ်းချမ်းရေး စင်တာ(MPC) မှ ဦးညိုအုန်းမြင့်က ပြောသည်။
ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တပ်မတော်နှင့် MNDAA တို့ သည် ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာ လွှဲပြောင်းပေးခဲ့သည်။ ထို့ပြင် လက်ရှိအချိန်ထိ ကိုးကန့်ဒေသအတွင်း မတည်ငြိမ်သောကြောင့် စစ်အုပ်ချုပ်ရေး ရက်ပေါင်း(၉၀) ကို နှစ်ကြိမ်တိုင်တိုင် တိုးမြှင့်ပေးခဲ့သည်။
“ကျွန်တော်တို့ သိသလောက်တော့ သူတို့ဘက်က ၀န်ကြီးဦးအောင်မင်းတို့ကို မိုင်းလားကို စေလွှတ်မယ်လို့ ပြောတယ်။ အဲဒီကိုသွားရင်း ဒီလ (၁၃)၊ (၁၄) ရက်မှာ ကိုးကန့်တပ်ဖွဲ့နဲ့ တွေ့မယ်လို့ သိရတယ်။ အစိုးရဘက်က ဘယ်လိုညှိနှိုင်းမယ် ဆိုတာကတော့ ကျွန်တော်တို့လည်း မသိသေးဘူး”ဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ (SD) အဖွဲ့ဝင် ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။
ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ချိန်တွင် ကိုးကန့် တပ်ဖွဲ့ဘက်မှ ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့သော်လည်း၊ အစိုးရဘက်မှ ကိုးကန့်တပ်ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ကိုးကန့်ဒေသအတွင်း ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသော စစ်ဘေးရှောင်များအား ပြန်လည် နေရာချထားရေးများ ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
Messenger News Journal
0 comments:
Post a Comment