10.9.2015
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ရန် အစိုးရနှင့် တိုင်းရင်း သား လက်နက် ကိုင်အဖွဲ့များအကြား ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်သော်လည်း လတ်တလော တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့( SD)က အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေး၊ မထိုးရေးကို ဆုံးဖြတ် ချက် မချရ သေးဟု သတင်း ထုတ်ပြန်လိုက်သည်။
တိုင်းရင်းသားSD အဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ပူးဇင်ကျုံးက “ကျနော်တို့ အနေနဲ့ အဲ့ကိစ္စကို ( NCA) လက်မှတ်ထိုးမယ် မထိုးဘူး ဆိုတဲ့ ကိစ္စကို ဆုံးဖြတ်ချက် မချရသေးပါဘူး” ဟု စက်တင်ဘာလ ၉ ရက်နေ့ နေပြည်တော် တွင် သမ္မတနှင့် တိုင်းရင်းသားများတွေ့ဆုံပြီး ကျင်းပပြုလုပ်သည့် တိုင်းရင်းသားအလွတ်သဘော အစည်းအဝေးအပြီးတွင် ယင်းသို့ ထုတ် ပြန် ပြောဆိုခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်က စက်တင်ဘာလ ၂၉ ရက်နေ့တွင် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးလိုကြောင်း တိုင်းရင်းသား ခေါင်းဆောင်များကို ပန်ကြားခဲ့သော်လည်း တိုင်းရင်းသားများဘက်ကမူ အောက်တိုဘာလ ပထမပတ်မှ ပြန်လည် ညှိနှိုင်းရန် ပြောဆိုထားကြောင်း၊ တိုင်းရင်းသား များက တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များကို ထပ်မံ တင်ပြကာ အစည်းအဝေး ထိုင်ဦးမည်ဟု အစိုးရသို့ ပြန်ကြားထားကြောင်း သိရှိရသည်။
“ကျနော်တို့ကြားညှိပြီးတော့မှ ဘယ်နေ့မှာဖြစ်နိုင်မယ်၊ တကယ်လို့ လက်မှတ်ထိုးရင် ဘယ်သူတွေ ပါမယ်၊ ဘယ်သူတွေ မပါဘူး၊ တကယ်လို့ အားလုံးထိုးမယ်ဆိုရင်ဘယ်လိုအခြေအနေမျိုးနဲ့ ထိုးကြမယ် ဆိုတာ ကျနော်တို့ အသေးစိတ် ချမှတ် သွားမှာပါ” ဟု ပူးဇင်ကျုံးက ပြောသည်။
တိုင်းရင်းသားများဘက်မှ NCA လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေး ကိုလည်း အစိုးရ နှင့် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်။
သမ္မတဦးသိန်းစိန်သည် ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ၀ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ကို နိုင်ငံရေးဆွေးနွေးပွဲ (Political Dialogue ) တွင် တိုက်ရိုက် ပါဝင်ရန် ဖိတ်ခေါ်ထားပြီး ဖြစ်ကြောင်း ၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပဏာမ အပစ်ရပ်အဆင့် (Bilateral Agreement ) ကို ညှိနှိုင်းပြီး NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ ရက္ခိုင့်တပ်မတော် (AA) ကို NCA တွင် ပါဝင်နိုင်ရန် နည်းလမ်းရှာကြမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ – မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကို သမ္မတက အပစ်ရပ်စာချုပ်တွင် ပါဝင်ရန် ဖိတ်ခေါ်ကာ ကိုယ်တိုင် ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုသည်။
MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက “သမ္မတဘက်က NCA မှာ ပါဖို့ ကမ်းလှမ်းထားတာ မရှိသေးပါ ဘူး။ နောက်ပြီး ငြိမ်းချမ်းရေးအတွက် သမ္မတနဲ့လည်း ကျနော်တို့ တိုက်ရိုက်ဆွေးနွေးတာာမျိုး မရှိပါဘူး”ဟု ဧရာဝတီကို ပြောသည်။
ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အခြားတိုင်းရင်းသား ဒေသများတွင် တပ်မတော် ထိုးစစ်ဆင်သည့် အခြေအနေကို ရင်ဆိုင်နေရ သဖြင့် သမ္မတမှ NCA လက်မှတ်ထိုးရေး ကမ်းလှမ်းလာပါက လည်း MNDAA က SD မှ တဆင့် သာ ညှိနှိုင်းသွားမည်ဖြစ်ပြီး အားလုံးပါဝင်ရေးမူကိုသာ ဆက်လက် ဆုပ်ကိုင် သွားမည်ဟု ဦးထွန်းမြတ်လင်းက ပြောသည်။
သမ္မတဦးသိန်းစိန်က NCA လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရား အသင်း ပုဒ်မ (၁၇/၁) မှ ပယ်ဖျက်ပေးမည့်အပြင် လက်မှတ်မထိုးသည့် အဖွဲ့များကိုလည်း မတရားအသင်း နှင့် အရေးယူခြင်းမျိုး မပြုလုပ်ဘဲ NCA ပြီးနောက် ကျင်းပသွားမည့် နိုင်ငံရေးဆွေးနွေးပွဲ (Political Dialogue ) တွင်လည်း ပါဝင်ရန် ဖိတ်ခေါ်သွားမည်ဟု တိုင်းရင်းသားများကို ပြောဆိုထားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “ကျနော်အနေနဲ့ ၁၀ ဖွဲ့ ၀န်းကျင် လောက်ကတော့ လက်မှတ်ထိုးမယ်လို့ မျှော်လင့်ထားပါတယ် “ဟု ပြောသည်။
The Irrawaddy (Burmese Version)
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment