တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုအား သမ္မတဦးသိန်းစိန်က စက်တင်ဘာ ၂၉ ရက်ကို အဆိုပြုသော်လည်း တိုင်းရင်းသားများဘက်က အောက်တိုဘာ လလယ်ပိုင်းတွင် ပြုလုပ်ရန် အဆိုပြု




10.9.2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုအား နိုင်ငံတော်သမ္မတမှ စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်ရန် အဆိုပြုခဲ့သော်လည်း တိုင်းရင်းသားခေါင်းဆောင်များက အောက်တိုဘာလ လယ်ပိုင်းတွင် ပြုလုပ်ရန် အဆိုပြုခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၉ ရက်တွင် နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များ နေပြည်တော်ရှိ အမ်အိုင်စီစီ ၂ တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဦးလှမောင်ရွှေက “နိုင်ငံတော်သမ္မတကြီးကတော့ စက်တင်ဘာ ၂၉ ရက်မှာ လက်မှတ်ရေးထိုးဖို့ အဆိုပြု ထားပါတယ်။ တိုင်းရင်းသားတွေဘက်က အောက်တိုဘာ လလယ်လောက်ကို ညှိနှိုင်းပေးဖို့ ပြောခဲ့ပါတယ်။ စက်တင်ဘာ ၂၉ ရက်နဲ့ အောက်တိုဘာလ ပထမပတ် ကြားကတော့ ပိုဖြစ်နိုင်မယ့် သဘောရှိတယ်။ ၁၅ ဖွဲ့ကို ဖိတ်ကြားပြီးတော့ လက်မှတ်ရေးထိုးပွဲလုပ်မယ့် သဘောတော့ ရှိနေတယ်။ အဲဒါကိုတော့ တစ်ဖွဲ့ချင်းက တုံ့ပြန်ရမှာ ဖြစ်ပါတယ်။ တစ်ဖွဲ့ချင်းကပဲ ထိုးရမှာ ဖြစ်ပါတယ်” ဟု မီဒီယာများအား ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသားများဘက်မှ အဆိုပြုတာက အဖွဲ့အားလုံး မပါဝင်နိုင်ရင်တောင် ၁၇ ဖွဲ့လောက် ပါဝင်နိုင်ရန် အဆိုပြုကြောင်း၊ သမ္မတအနေဖြင့်လည်း အားလုံးပါဝင်ဖို့ဆိုတဲ့မူကို သဘော တူကြောင်း၊ သို့ရာတွင် လက်တွေ့ဆန်သည့် ချဉ်းကပ်မှုများနှင့် သွားရန် တိုက်တွန်းသည့် သဘော ရှိကြောင်း၊ ဒါကြောင့် အစိုးရဘက်မှ ၁၅ ဖွဲ့ကို ဖိတ်ထားပြီး သားဖြစ်ကြောင်း၊ ကျန်နေသည့် ၆ ဖွဲ့အနက် ၃ ဖွဲ့ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှ စောင့်ရမှာ ဖြစ်သည့်အတွက် အင်န်စီအေကို ထိုးဖို့မလိုဘူးဆိုပြီး တိုင်းရင်းသားများအား ရှင်းပြခဲ့ကြောင်း သိရသည်။

အမ်အမ်ဒီအေအဖွဲ့အား သမ္မတကြီးမှ တိုက်ရိုက်ဆက်သွယ်ထားကြောင်း၊ ထို့အတွက် ကျန်နှစ်ဖွဲ့ဖြစ်တဲ့ တီအင်န်အယ်လ်အေကိုလည်း အင်န်စီအေကို လက်မှတ်ထိုးနိုင်ဖို့ လမ်းဖွင့်ထားမှုများရှိကြောင်း၊ အေအေအဖွဲ့ အနေဖြင့် လိုက်ဇာမှာ ရှိသည့်အတွက် ထိန်းထိန်းသိမ်းသိမ်းနေပြီးတော့ နည်းလမ်းရှာ ရန်ဖြစ်ကြောင်း၊ အဲဒါကို ဗိုလ်ချုပ်အန်ဘန်လတို့ဘက်က အဆိုပြုတာက ရခိုင်သုံးဖွဲ့ကို တစ်ဖွဲ့တည်း ဖြစ်မလား ဆိုပြီးတော့ အကြံပြုထားမှုများ ရှိကြောင်း၊ ယင်းအကြံပြုချက်အား သမ္မတကြီးကလည်း ဒါကိုတော့ တိုင်းရင်းသားများဘက်မှ အဆင်ပြေအောင် ညှိနှိုင်းဖို့ ပြန်ပြောခဲ့ကြောင်း သိရသည်။

“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုအား အစိုးရဘက်ကလည်း ၁၅ ဖွဲ့အတိုင်း ဆက်သွားမယ့်ကိစ္စကို ရှင်းပြပါတယ်။ တိုင်းရင်းသားတွေ တောင်းဆိုတဲ့အထဲမှာ တိုင်းရင်းသားအားလုံး မပါဝင်နိုင်ခဲ့ဘူး ဆိုရင် နောက်အဖွဲ့တွေအတွက် စစ်ရေး၊ လုံခြုံရေး စတာတွေအတွက် အာမခံချက် တောင်းပါတယ်။ ဒါကို သမ္မတကြီးက ပြန်ပြီးတော့ ညှိနှိုင်းပေးတာ ဖြစ်ပါတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုအား လက်ရှိအနေအထားအရ အစိုးရမှ ဖိတ်ကြားထားသည့် အဖွဲ့ ၁၅ ဖွဲ့နှင့် စတင်မည်ဖြစ်ကြောင်း၊ ကျန်ရှိနေမည့် အဖွဲ့များအတွက် လမ်းဖွင့် ထားကြောင်း၊ တစ်ဖွဲ့ချင်းစီအလိုက် ပြန်လည်တုံ့ပြန်ကြ ရမည်ဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောကြားခဲ့သည်။

“လက်မှတ်ထိုးတာကိုတော့ သတ်မှတ်တဲ့ရက်မှာ လုပ်မယ့်သဘောရှိတယ်။ ၁၅ ဖွဲ့လုံး မဟုတ်တောင် ၁၀ ဖွဲ့လောက်တော့ ထိုးမယ်လို့ မျှော်လင့်ထားတယ်။ တိုင်းရင်းသားတွေ ဘက်ကတော့ အောက်တိုဘာ လလယ်လောက် တောင်းတာကတော့ တချို့အဖွဲ့တွေက အဆင်သင့် ဖြစ်ပေမယ့် တချို့တွေကြတော့ သူတို့ရဲ့ ပြည်သူတွေကို ရှင်းပြဖို့အတွက် အချိန်တောင်းတာ ဖြစ်ပါတယ်။ အန်စီအေ စာချုပ်ကို ဆက်ပြီးတော့ အကောင်အထည် ဖော်နိုင်ဖို့အတွက် စက်တင်ဘာ ၂၉ ရက်ကနေ အောက်တိုဘာလ ပထမပတ်ကြားထဲမှာ ညှိနှိုင်းနိုင်ရင်တော့ ကောင်းမယ်ဆိုပြီးတော့ အဆိုပြုတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရက် လောက်မှာ ဖြစ်ပါမယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

ဆက်လက်၍ “လက်မှတ်ရေးထိုးဖို့အတွက် အနည်းဆုံးတော့ နှစ်ပတ် လောက်တော့ ကြိုပြီးဖိတ်ရမှာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးရမှာလည်း နိုင်ငံတကာ သက်သေတွေ၊ ပြည်တွင်းသက်သေတွေ၊ ဒေါ်အောင်ဆန်း စုကြည်၊ ဦးခွန်ထွန်းဦး အပါအ၀င် သက်သေတွေကိုလည်း ဖိတ်ပြီးတော့ တွေ့ကြမှာပါ။ ဂျပန်နိုင်ငံနဲ့ အီးယူလည်း ပါမယ်” ဟု ပြောကြားသည်။

ယနေ့ ဆွေးနွေးပွဲတွင် တိုင်းရင်းသားများက သက်သေအဖြစ် အီးယူနဲ့ ဂျပန်ကိုလည်း သက်သေအဖြစ် ထားဖို့ အဆိုပြုသည့်အတွက် သဘောတူ ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံမှုတွင် တပ်မတော်ဘက်မှ ယခင်ပါဝင်ခဲ့ သူများသည် တာဝန်များမှ အနားယူသွားကြသည့်အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တစ်ယောက်ပဲ တက်နိုင် ခဲ့ကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ခရီးသွားနေသည့်အတွက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ထပ်တွေ့မည့် သဘောရှိကြောင်း သိရသည်။

ဦးလှမောင်ရွှေက “ဆုံးဖြတ်ချက်တော့ ချပြီးပြီ။ လက်မှတ်ရေးထိုးမယ့်နေ့ပဲ သတ်မှတ်ရတော့မှာပါ။ အစိုးရက အဆိုပြုတာက စက်တင်ဘာ ၂၉ ရက် ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အဆိုပြုတာက အောက်တိုဘာလလယ်။ ဖြစ်နိုင်တာကတော့ စက်တင်ဘာ ၂၉ သို့မဟုတ် အောက်တိုဘာလ ပထမပတ် ကြားထဲမှာ ဖြစ်မှာပါ။ နောက်ထပ် ထပ်ပြီးတော့ ဆွေးနွေးဖို့တော့ မရှိတော့ဘူး လက်မှတ်ထိုးမယ့်ရက် ညှိနှိုင်းရမယ်၊ အခမ်းအနားကို ဘယ်လို ကျင်းပမယ် ဆိုတာတွေပေါ့။ အားလုံး ပါဝင်ဖို့ဆိုတာ မူပဲပြောတာပါ။ ၀နဲ့မိုင်းလားက လက်မှတ်ထိုးမလားဆိုတာ အခုလာတက်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း မသိဘူး။ အန်စီအေကတော့ အတည်ပြုပြီးသွားပြီ။ မူသဘောကိုပဲ ဆွေးနွေးတာပါ။ ၁၅ ဖွဲ့လုံးကို မျှော်လင့် ပါတယ်။ ဒါပေမဲ့ ၁၀ ဖွဲ့လောက်ကတော့ အကြောင်းပြန်ကြားလာလိမ့်လို့ ထင်ပါတယ်။ တကယ်လက်မှတ် ရေးထိုးတဲ့ နေ့မှာတော့ ၁၀ ဖွဲ့ထက်ကျော်ချင်လည်း ကျော်သွားမှာပေါ့” ဟု မီဒီယာများအား ပြောကြားသည်။

ယနေ့တွေ့ဆုံမှုတွင် နိုင်ငံတော်သမ္မတ၊ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးသန်းဌေး စသည့်ဖြင့် တာဝန်ရှိသူများ၊ တိုင်းရင်းသား များဘက်မှ ကရင်အမျိုးသား အစည်းအရုံးမှ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုး၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့မှ ဗိုလ်ချုပ်အင်ဘန်လ၊ ရှမ်းပြည်တိုးတက်ရေး ပါတီမှ ဗိုလ်ချုပ်ဆေထင်၊ ကင်နီအမျိုးသား တိုးတက်ရေးမှ ခွန်းအေဘယ် တွိဒ်၊ ပဒိုနော်စီဖိုးရာစိန်၊ ပဒိုစောကွယ် ထူးဝင်း စသည်ဖြင့် တာဝန်ရှိသူများ၊ အမ်ပီစီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက “တိုက်ပွဲတွေ ဖြစ်နေတာရယ်၊ စစ်ရေးပြင်ဆင်နေတယ် ဆိုတာတွေက တိုင်းရင်းသားတွေအတွက် ယုံကြည်မှု လျော့ကျစေပါတယ်။ အန်စီအေမှာ တိုင်းရင်းသားတွေအားလုံး ပါဝင်နိုင်ဖို့ အဖုအထစ်ဖြစ်နေတဲ့ တိုင်းရင်းသား ညီနောင်အားလုံး လက်ခံနိုင်တဲ့ လက်တွေ့ အခြေအနေကို ကိုက်ညီတဲ့ မူဝါဒ အလျော့အတင်း ပြုလုပ်ဖို့ကိုလည်း သမ္မတကြီးကို တောင်းဆိုချင်ပါတယ်။ သဘော တူညီချက် အတိမ်အနက်အတွက် အလျှော့အတင်းဖြစ်မယ့် မူဝါဒမျိုး ဖြစ်စေလိုပါတယ်။ နိုင်ငံတော်သမ္မတ ကလည်း ပကတိ အခြေအနေများနဲ့အတူ ညီနောင်တိုင်းရင်းသား ခေါင်းဆောင်များ၏ တင်ပြတောင်းဆို မှုများကို အလေးအနက်ထားကာ ထည့်သွင်းစဉ်းစားဖို့ မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူများက လိုလားသည့် ရေရှည်ခိုင်မြဲမည့် ငြိမ်းချမ်းရေးရရှိဖို့အတွက် အတူတကွ ကြိုးစားသွားဖို့ ရည်ရွယ်ထားပါတယ်” ပြောကြားသည်။

ကေအိုင်အို ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက “အခုလိုမျိုး သမ္မတကြီးနဲ့ လာတွေ့တာကတော့ တိုင်းရင်းသားတွေ လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျကျ ဆွေးနွေးနိုင်ဖို့အတွက် လာတာပါလို့ ခံယူထားပါတယ်။ လက်နက်ကိုင်ခဲ့တယ်ဆိုတာ နိုင်ငံကို ဖြိုခွဲဖို့ မဟုတ်ဘဲ တန်းတူ အခွင့်အရေးရဖို့အတွက် ဖြစ်ပါတယ်။ နိုင်ငံရေး စကားဝိုင်းတွင် ညှိနှိုင်းအဖြေရှာခြင်းအားဖြင့် ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိမယ်လို့ ခံယူထားပါတယ်။ တိုင်းရင်းသားများ၏ နိုင်ငံရေးအခြေခံ လက်နက်ကိုင် မှုတွေကို အစိုးရအဆက်ဆက်က လက်နက်ကိုင် နည်းလမ်းဖြင့်သာ ဖြေရှင်းခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးအတွက်လည်း တစ်ဖွဲ့ချင်း တစ်ဖွဲ့ ချင်းဖြင့်သာ ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံရေး အဖြေရှာရန် ဦးတည်ချက် မပြုဘဲ အဖွဲ့အစည်း ဖျက်သိမ်းခြင်းနှင့် လက်နက် ဖျက်သိမ်းခြင်းကိုသာ ဦးတည်ခဲ့တာကြောင့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ခဲ့ပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် လုပ်ဆောင်ရာမှာ နောက်ကြောင်ပြန်ခြင်း မရှိအောင် ၀ိုင်းဝန်းကြိုး ပမ်းကြဖို့ နှစ်ဖက်လုံးမှာ တာဝန်ရှိတယ်လို့ ခံယူပါတယ်။ အခုဆိုရင် အင်န်စီအေက လက်မှတ်ထိုးဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အင်န်စီအေရဲ့ ရည်မှန်းချက် အောင်မြင်ရန်အတွက် ပါဝင်သင့် ပါဝင် ထိုက်သော သက်ဆိုင်သည့် အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးမှု အတိုင်းအတာပေါ် မူတည်နေတဲ့ အတွက် သက်ဆိုင်သူများအားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ လိုပါတယ်” ဟု ဆိုသည်။ 

Eleven Media Group
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment