12.1.2016
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ထိုင်းနိုင်ငံနယ်စပ် တာချီလိတ်မြို့၏ အိမ် ခြံ မြေဈေးကွက်သည် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု
ရပ်တန့်သွားသည့်အတွက် ဈေးကွက် အေးနေကြောင်း မြန်မာနိုင်ငံ အိမ် ခြံ မြေ ဝန်ဆောင်မှုအသင်း (တာချီလိတ်)
မှ သိရသည်။
"ရှမ်းပြည်နယ်အရှေ့ပိုင်း လက်ရှိ အိမ် ခြံ မြေ ဈေးကွက်က ငြိမ်သက်နေပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ယာမြေ အရှုပ်အရှင်းတွေကြောင့်လည်း ပါတယ်.."ဟု မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ ဝန်ဆောင်မှုအသင်း (တာချီလိတ်)မှ ကော်မတီဝင်
ဦးဝင်းကျော်က ပြောသည်။
တာချီလိတ်မြို့နှင့် နယ်နိမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံတွင် စစ်အစိုးရ တက်လာပြီးနောက် ထိုင်းစီးပွားရေး သမားများ၏ ရင်းနှီးမြှုပ်နှံမှုနည်းသွားသဖြင့် တာချီလိတ်မြို့၏ အရောင်းအဝယ်ဈေးကွက်မှာ ငြိမ်နေခြင်း ဖြစ်ကြောင်း ဒေသတွင်း အိမ် ခြံ မြေ လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
"တာချီလိတ်မှာတော့ အိမ် ခြံ မြေ ဈေးကွက်က တခြားမြို့နဲ့ နှိုင်းယှဉ်ရင် ကွာဟမှုတွေ ရှိပါတယ်။ ဒီဖက်မှာကျ
ကြိုက်ရောင်း ကြိုက်ဝယ်တွေလည်း ရှိတယ်။ တချို့ကျမြို့လယ်မှာ ဈေးကြီးတယ်လို့ထင်တယ်။ ဒီမှာကျ တချို့နေရာ
ဆိုမြို့ပြင်က ဈေးကြီးနေတာလည်း ရှိပါတယ်။ နောက်ပြီး တောင်ပေါ်ဒေသသူတွေ ဖြစ်တဲ့အတွက် ဒေသအစွဲတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် အခြားမြို့နဲ့ နှိုင်းယှဉ်တဲ့အခါ ကွာဟမှုတွေ ရှိတယ်.."ဟု ဦးဝင်းကျော်က ဆိုသည်။
တာချီလိတ်မြို့တွင် အိမ် ခြံ မြေ ဈေးနှုန်းကို စတုရန်းပေဖြင့် တိုင်းတာခြင်း မဟုတ်ဘဲ ပေ ၄၀× ပေ၆၀ နှင့် တွက်ချက်ပြီး
ရောင်းချခြင်းကြောင့် မြို့လယ်၌ ပေ၄၀× ပေ၆၀ တစ်ကွက်လျှင် ထိုင်းဘတ်ငွေ သိန်း (၄၀) ဝန်းကျင် ပေါက်ဈေးရှိနေကာ မြို့ပြင်တွင် ပေ၄၀× ပေ၆၀ တစ်ကွက်လျှင် ထိုင်းဘတ်ငွေ ၄ သိန်းမှ ၅ သိန်းဝန်းကျင်ရှိနေကြောင်း သိရသည်။
Tachileik News Agency
0 comments:
Post a Comment