RCSS/SSA အဖွဲ့မှ လဲချားမြို့နယ်အတွင်းရှိ ဒေသခံကျေးရွာများထံမှ ဆက်ကြေးငွေများအတင်းအကြပ်ကောက်ခံ


30.9.2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နမ့်တုတ်ကျေးရွာအုပ်စု၊ ဟွေအောကျေးရွာနှင့် တပ်မောက်ကျေးရွာ အုပ်စု၊ တပ်မောက်ကျေးရွာသို့ RCSS/SSA အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာလ ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့တွင် ရောက်ရှိ လာပြီး လူသစ်နှင့် ဆက်ကြေးငွေများ မဖြစ်မနေပေးဆောင်ရန်ပြောကြား သွားကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရပါသည်။

“RCSS/SSA အဖွဲ့ဟာ စက်တင်ဘာ ၂၃ ရက်နေ့ ၃နာရီလောက်မှာ ရွာထဲကို ရောက်လာတယ်၊ ပြီးတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးကိုခေါ်ပြီး ကျေးရွာမှာရှိတဲ့ ကျား/မ လူဦးရေစာရင်းတောင်းတယ်၊ အသက်ကြီးသူတွေမှအပ ရွာထဲမှာ ရှိတဲ့အသက် ၁၂ အထက် ကျား/မ မရွေး သူတို့အဖွဲ့ထဲကို မ၀င်မနေရ လူသစ်လုပ်ရမယ်ဆိုပြီး တောင်းတယ်၊ ရွာမှာလည်း လူငယ်တွေမကျန်တော့သလောက်ပါပဲ၊ ထွက်ပြေးကုန်ကြပြီ” ဟု ဟွေအောရွာသားတစ်ဦးမှ ပြောပါ သည်။

တပ်မောက်ကျေးရွာအုပ်စုမှ ရပ်မိရပ်ဖတစ်ဦးကလည်း “အရင်က သူတို့အဖွဲ့တွေကို ကျွန်တော်တို့ကျေးရွာ အုပ်စု တွေက လိုအပ်ရင်လိုအပ်သလို ဆက်ကြေးနဲ့ လူသစ်ကို အမြဲပေးတဲ့အပြင် နှစ်စဉ်လည်း သတ်မှတ်ချက် အတိုင်းပေး ခဲ့ပါတယ်၊ အခုလည်း သူတို့အဖွဲ့အတွက် အရင်က တစ်နှစ်တစ်ခါပေးဆောင် ရတဲ့ လူသစ်နဲ့ ဆက်ကြေးကို အခု အပြီးပေးဆောင်ရမယ်ဆိုပြီး အမိန့်ထုတ်တယ်” ဟု ပြောပါသည်။

RCSS/SSA အဖွဲ့အနေဖြင့် ဒေသခံရှမ်းလူထု ကောင်းစားရေးကို ဘာတစ်ခုမှ လုပ်ကိုင်မပေးဘဲ ရှမ်းပြည်နယ် တိုးတက်ရေးဟု အကြောင်းပြကာ လူသစ်စု၊ ဆက်ကြေးကောက်နေခြင်းက အလွန်ပင် စိတ်ပျက် စရာကောင်းကြောင်း နှင့် လူနေမှုဘ၀မြင့်မားရေးအတွက် စိုးရိမ်စရာဖြစ်နေကြောင်း လဲချားမြို့ခံရှမ်းလူမျိုးတစ်ဦးက ပြောကြားသွားပါ သည်။

စိုင်းသီဟ
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment