ရာဇ၀တ်သားများအဖြစ် မသတ်မှတ်ရန် ဘိန်းစိုက်တောင်သူများ တောင်းဆို
26.9.2015
ရာဇ၀တ်သားတွေအဖြစ် မသတ်မှတ်ဖို့နဲ့ ဘ၀ကို ထိခိုက်လာနိုင်တဲ့ မူးယစ်ဆေးဝါးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး
အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပါဝင်ခွင့်ပေးဖို့ ဘိန်းစိုက်တောင်သူတွေက
တောင်းဆိုပါတယ်။
စက်တင်ဘာ ၁၁-၁၂ ရက်က အထက်မြန်မာပြည်တနေရာမှာ ဘ၀ကို သက်ရောက်ထိခိုက်နိုင်တဲ့
မူးယစ်ဆေးဝါးဆိုင်ရာ မဟာဗျူဟာတွေကို ကချင်၊ ချင်း၊ ရှမ်း၊ ကယားက ဘိန်းစိုက်တောင်သူတွေက
တတိယအကြိမ် ညီလာခံကို ကျင်းပပြီး ထုတ်ပြန်ချက်ကနေတဆင့် အခုလို တောင်းဆိုလိုက်တာ
ဖြစ်ပါတယ်။
ဘိန်းစိုက်တောင်သူတွေဟာ ချမ်းသာကြွယ်ဝခြင်းမရှိသလို မိသားစု စားဝတ်နေရေးနဲ့ ရှင်သန်ရေးနဲ့
အသက်ရှင် ရပ်တည်ရေးအတွက် ဘိန်းစိုက်ပျိုးရတာဖြစ်လို့ ရာဇ၀တ်သားလို ဆက်ဆံထိုက်သူတွေ
မဟုတ်ဘူးလို့ ဆိုပါတယ်။
ဘိန်းစိုက်ဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေသလို လက်နက်ကိုင်အဖွဲ့တွေကိုလည်း ဘိန်းခွန်တွေ ပေးရတယ်လို့ ဆိုပါတယ်။ ဒါအပြင် ရဲတပ်ဖွဲ့နဲ့ တပ်မတော် အရာရှိတွေက ဘိန်းရိတ်သိမ်းချိန်မှာ
ငွေကြေးတွေ တောင်းခံတာတွေ ရှိသလို ခြိမ်းခြောက်မှုမျိုးစုံကို ရင်ဆိုင်ရတယ်လို့ တောင်သူတွေက
ထုတ်ပြန်ချက်မှာ ရေးပါတယ်။
မြင့်မားပြီး တောင်ကုန်းတောင်တန်းထူထပ်တဲ့ ဒေသတွေမှာ နေထိုင်ပြီး တခြားဈေးကွက်ဝင်သီးနှံတွေ
စိုက်ပျိုးထုတ်လုပ်ဖို့နဲ့ သယ်ယူပိုဆောင်ဖို့ အခက်အခဲ ရှိသလို ဆင်းရဲကျပ်တည်းတဲ့အတွက် ဘိန်းစိုက်ပျိုး
ရတာလို့ ဆိုပါတယ်။
မိသားစု စားနပ်ရိက္ခာဖူလုံဖို့၊ တခြားအခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့၊ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ ပညာရေးကို ဖန်တီးဖို့ ဘိန်းစိုက်ပျိုးရတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မိသားစု စားဝတ်နေရေးကို ဖြည့်ဆည်းထောက်ပံ့ဖို့ အခက်အခဲတွေ ကြုံတွေနေချိန်မှာ တိုက်ဖျက်ရေး
အန္တရာယ်တွေကတော့ တပူပေါ် ၂ ပူဆင့်ဖြစ်နေသလို အစားထိုး အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို လက်လှမ်းမီခြင်းမရှိခင်မှာ ဘိန်းခင်းတွေကို ဖျက်ဆီးတာဟာ မသင့်တော်ဘူးလို့ ထုတ်ပြန်ချက်မှာပါ
ရှိပါတယ်။
ဘိန်းစိုက်ပျိုးတဲ့ တချို့ဒေသတွေကသာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လက်လှမ်းမီပြီး ဒေသအများစုက ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လက်လှမ်းမမီဘူးလို့ ရေးပါတယ်။
ဒီဖွံ့ဖြိုးရေး အစီအစဉ်တွေကို ဘိန်းတောင်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ ရေးဆွဲဖော်ထုတ်သင့်တယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် ဒီဒေသတွေမှာလည်း စိတ်ကြွဆေးနဲ့ ဘိန်းဖြူသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို
ရင်ဆိုင်နေရပေမယ့် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ ၀န်ဆောင်မှုနဲ့ အစီအစဉ်တွေ အလွန်နည်းနေ
တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဘိန်းစိုက်ဒေသတွေမှာ ဘိန်းကို အခြေခံ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကုသတဲ့လုပ်ငန်းတွေမှာ အသုံးပြုသလို တချို့က ဘိန်းဟာ မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်သလို ကံကောင်းခြင်းကို ယူဆောင်ပေးတယ်လို့ ယုံကြည်တဲ့အတွက် ဘိန်းကို အဆောင်အဖြစ် ဆောင်ထားတယ်လို့ ဆိုပါတယ်။
DVB
0 comments:
Post a Comment