တပ်မတော်က ထိုးစစ်ဆင်နေခြင်းကို ကန့်ကွက်ကြောင်း လက်နက်ကိုင်သုံးဖွဲ့ ပူးတွဲသဘောထား ထုတ်ပြန်


11.9.2015

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များရှိရာ ဒေသများသို့ တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၊ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) နှင့် ရခိုင်တပ်ဖွဲ့ (AA) တို့က စက်တင်ဘာ ၁၀ ရက်နေ့တွင် ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။

ကိုးကန့်တပ် (MNDAA) မှ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်း၊ တအာင်းတပ်မတော် (TNLA) မှ စစ်ရှိန်လျှော့ချရန် ကြေညာချက် ထုတ်ပြန်ခြင်းနှင့် မဟာမိတ်သုံးဖွဲ့ပေါင်းပြီး အစိုးရအား အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် ကမ်းလှမ်းခြင်းတို့ ပြုလုပ်ခဲ့သော်လည်း အစိုးရဘက်မှ တိုင်းရင်းသားဒေသများအား အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်အား ဖျက်ဆီးနေသောလုပ်ရပ် ဖြစ်သည်ဟု အဆိုပါ လက်နက်ကိုင်သုံးဖွဲ့၏ ပူးတွဲသဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ NCA စာချုပ် အပြီးသတ်နိုင်ရေးအတွက် နေပြည်တော်တွင် စက်တင်ဘာ ၉ ရက်နေ့က တွေ့ဆုံဆွေနွေးခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲမတိုင်မီနှင့် ဆွေးနွေးပွဲ ကျင်းပနေသည့် ကာလများတွင် ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားသည့် လက်နက်ကိုင် အဖွဲ့အစည်းများထံမှ သိရသည်။

ထို့အပြင် NCA စာချုပ်သည် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အရေးကြီးသည့် စာချုပ်တစ်ခုဖြစ်ပြီး ရရှိထားသည့် ထိုသဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်ပြီး တစ်ပြိုင်တည်း အတူတကွ လက်မှတ်ရေးထိုးကြရန်ဟူသော လိုင်ဇာ၊ လော်ခီးလာ အစည်းအဝေးများတွင် ချမှတ်ခဲ့သည့် မူအတိုင်း အခိုင်အမာ ရပ်တည်သွားမည်ဟု အဆိုပါ လက်နက်ကိုင်သုံးဖွဲ့က ဆိုသည်။
ကိုးကန့်၊ တအာင်းပလောင်နှင့် ရခိုင်တပ်ဖွဲ့ သုံးဖွဲ့၏ ထိပ်သီးခေါင်းဆောင် များသည် လွတ်မြောက်နယ်မြေ နေရာတစ်နေရာတွင် မဟာထိပ်သီး အစည်းအဝေးတစ်ရပ်ကို စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ပြုလုပ်ခဲ့ကာ လက်ရှိနိုင်ငံရေး စစ်ရေးကိစ္စများကို ဆွေးနွေးပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်သည့် ကိုးကန့် (MNDAA)၊ တအာင်းပလောင် (TNLA) နှင့် ရခိုင်တပ်မတော် (AA) တို့ကို ငြိမ်းချမ်းရေး လုပ်လိုပါက လက်နက်စွန့်ရမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သြဂုတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

တအာင်းလက်နက်ကိုင် အဖွဲ့အား NCA တွင် ပါဝင်နိုင်ရန် အစိုးရနှင့် နှစ်ဖက်ဆွေးနွေးပွဲများ၊ နှစ်ဖက်သဘောတူညီချက်များ ရယူမည့် နည်းလမ်းမှတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သလို ရခိုင့်တပ်မတော် အနေနှင့်လည်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလျှင် တစ်ပါတည်း ပါမည်ဟု အစိုးရဘက်မှ နေပြည်တော်တွင် တွေ့ဆုံသည့် NCA ဆွေးနွေးပွဲတွင် သဘောထား မှတ်ချက်ပေးထားသည်။

ထို့အပြင် ကိုးကန့်အဖွဲ့ (MNDAA) ကိုလည်း NCA တွင် ပါဝင်လာရေးအတွက် သမ္မတက တိုက်ရိုက်ကိုင်တွယ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲ အပြီးတွင် နှစ်ဖက်ခေါင်းဆောင်များက ပြောကြားထားသည်။

#The Voice Weekly
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment